Saturday, July 19, 2008

နီကိုရဲ(ကျွန်မ၏ ပြား)

(တစ်)
တင်းမာစူးရှပြတ်သားသော အကြည့်နှင့် အမေက မကျေမနပ်ကြည့်ကာ ဖျပ်ခနဲထသည်။
"ဒီအသက် ဒီအရွယ်ပဲ ရှိနေပြီ။ တစ်ခါလာလည်း ဒီပြဿနာ၊ တစ်ခါလာလည်း ဒါ.. .ပဲ။ ဘာမှ အရေးမကြီးတဲ့ကိစ္စကို နင်ဘာဖြစ်နေသလဲ။ ငါတော့ လုပ်မိတော့မယ်"
ဒေါသသံဖြင့် အမေပြောသွားသော 'ဘာမှ အရေးမကြီးတဲ့ကိစ္စ' ဆိုသော စကားလုံးသည် သူမနားထဲမှာ ဆူးတစ်ချောင်းလို မွှေကာ နှလုံးသားထဲမှာ ၀မ်းနည်းကြေကွဲ နာကျင်ရသည်။ ထိုကိစ္စအတွက် သူမ ဘယ်လောက် အရှက်ကွဲခဲ့ ရပြီးပြီလဲ။ ၀မ်းနည်းကြေကွဲခဲ့ရသလဲ။ နာကျင်ခံစားခဲ့ရသလဲ။ ပြောင်လှောင်မှု၊ အပြုံး၊ အော်သံ၊ ရယ်မောသံတွေနှင့် အကြိမ်ပေါင်းများစွာ နှိပ်စက်ခံခဲ့ရသော သူ့ဘ၀၏ အရေးအကြီးဆုံး ပြဿနာကို အမေက ကိုယ်ချင်းစာ မခံစားသည့်အပြင် ဘာမှ အရေးမကြီးသည့်ကိစ္စဟု ယခုတိုင် ယုံနေဆဲဖြစ်သည်။
သူမ မျက်ရည် ချက်ချင်း ၀ဲတက်လာ၏။ အမေ ထိုလေသံမျိုး သုံးလျှင် ဆက်ပြော၍မရတော့ ဆိုတာကို သူမသိပါသည်။ အမေက ကန်စွန်းရွက်တွေကို ဆီကျင်နေသော ဒယ်အိုးထဲ ထည့်လိုက်သဖြင့် ဝေါခနဲ ဆူညံကာသွားသည်။ အမေက ဆားကို ခပ်ဖွဖွ ဖြူးသည်။ ပြီးတော့ များသွားပြီလားဟူသော အမူအရာဖြင့် ကန်စွန်းရွက်ဒယ်အိုးကို စိတ်မချသလို ကြည့်၏။ သူမ တစ်ဘ၀လုံးကို နှိပ်စက်ခဲ့သည့် ကိစ္စမှာ ကန်စွန်းရွက်ကြော်ထဲ ဆားများမများလောက်မှ အရေးမကြီးဘူးတဲ့လား။

မုန်းသည်။

သူမကိုယ်သူမ မုန်းသည်။


သိပ်သည်းပြီး ခါးလယ်အထိရောက်နေသော ဆံပင်ရှည်ရှည်၊ ကြက်ဥအခွံလို နီထွေးနေတဲ့ အသားအရေ၊ မျက်ရစ်ထင်းထင်းနှင့် ၀ိုင်းစက်လှပသော မျက်ဝန်း၊ မျက်ခုံးထူထူနှင့် ညွတ်ကွေးနေသော မျက်တောင်၊ နီထွေးပြည့်တင်းနေသော မျက်ဝန်း၊ မဟူရာထွေးတို့ နောက်မှ အမြဲအားကျကာ သိုင်းဖက်လျက်ရှိသော ခါးသေးသေး တင်ကားကား၊ အားလုံးမှာ အလကားပင်ဖြစ်သည်။

ရုပ်ရည် အတန်အသင့်ရှိသူများ လှပလာစေရန် ပြုပြင်စ၇ာနည်း ပေါင်းစုံရှိသည်။ ကျန်းမာရေးလေ့ကျင့်ခန်း၊ အ၀တ်အစားရောင်စုံနှင့် နည်းပညာအပြည့် ခေတ်ဒီဇိုင်းများ၊ မိတ်ကပ်၊ ဆံပင်ပုံစံ၊ တော်တန်ရုံ မိန်ကလေးတစ်ယောက်သည် အထက်ပါအကြောင်းအရာများနှင့် ခန္ဓာကိုယ်ကို ဖုံးကာဖော်ကာ အလှဖြစ်အောင် ဖန်တီးနိုင်ပါသည်။

သူမကတော့ ဘာမှမလုပ်ဘဲ ဘာမှမပြင်ဘဲ ပင်ကိုယ် ဘယ်လောက်လှလှ သူတို့ကို ယှဉ်နိုင်စရာ အကြောင်းမရှိ၊ အဘယ်ကြောင့်ဆိုသော် သူမတွင် သူငယ်ချင်းများလို လှပသော နာမည်တစ်ခုမရှိ။ သူမ၏ နာမည်မှာ ရွံ့မုန်းစရာ ကောင်းလောက်အောင် ခေတ်နောက်ကျနေသော နာမည်ဖြစ်သည်။ သူမအမည်မှာ မကြားဝံ့စ၇ာ 'မအုန်းကြည်' ဟူ၍ဖြစ်သည်။

ထို'မအုန်းကြည်'ဟူသော နာမည်သည် ငယ်စဉ်က မထူးခြားသော်လည်း ၈ တန်းလောက်မှစ၍ သူမကို ဒုက္ခပေးလာသည်။ နာမည်လှလှတွေ အပြိုင်အဆိုင်ဖြစ်နေသော အချိန်တွင် သူမနာမည်က လူကြားထဲမှာ ခေါ်လျှင် လူတိုင်းပြုံးကြသော နာမည်ကြီး ဖြစ်၏။
ကျောင်းတက်သည့်အချိန် မနက်တိုင်း နာမည်ခေါ်သည့်အခါ ဆရာမက မအုန်းကြည်ဟု ခေါ်လျှင် ရှိပါတယ်ရှင့်ဟု ထူးရသော သူမအသံက နင်ချင်နေခဲ့သည်။ မနင်ခံနိုင်ပါ့မလား။ အတန်းထဲမှ အရှက်မရှိ မျက်နှာပြောင်တက်သော ရွှေဖုန်းလူတို့၊ မင်းခိုက်စိုးစန်တို့၊ မင်းထက်မောင်တို့က သူမကို လှည့်ကြည့်ကာ အမြဲ ပြုံးတတ်ကြသည်။ ထိုအပြုံးကိုရတိုင်း သူမခေါင်းငုံ့နေရစမြဲ။

ဆရာအသစ်တစ်ယောက် ပြောင်းလာ၍ မိတ်ဆက်တုန်းကလည်း သူမနာမည်ကိုပြောတော့ ဆရာက 'ဘာ'ဆိုကာ အံ့သြသွားခဲ့ဖူးသည်။ ပြီးမှ သူမကိုတစ်ချက်ကြည့်ကာ
"မအုန်းကြည်၊ မအုန်းကြည် အင်း အင်း မအုန်းကြည်တဲ့"ဟု ပြောရင်း မျက်နှာလွှဲသွား၏။

ထိုနေ့မှ စကာ ရွှေဖုန်းလူက ကျောင်းခန်းထဲတွင် အသံပြဲကြီးနှင့် အော်တတ်စတတ်သည်။
"အုန်း၊ ထန်း၊ ပေလက်၊ တမာရွက်တို့ အဟီး မဟုတ်ဘူးကွ။ အုန်းကြည်၊ ထန်း၊ ပေလက်၊ တမာရွက်တို့ ရွှေစက်ရွှေပျော်က ရွှေရည်သောက်၏"

သူမ ရှက်လွန်းသဖြင့် မျက်ရည်ဝဲကာ ဆရာမကိုတိုင်တော့ ဆရာမက'အဲဒါဘာဖြစ်သလဲ။ ပြီးတော့ ဘာဆက်ပြောသလဲ' ဟု လေသံမာမာနှင့် မေးသဖြင့် သူမ ဘာမှ ဆက်မပြောနိုင်တော့ဘဲ မျက်ရည်ဝဲကာ ထိုင်ရသည်။

အသက် ဆယ့်လေးနှစ်သာသာ မိန်းကလေးတစ်ယောက်ဖြစ်သဖြင့် နာမည်ကို မုန်းတီးရုံမှလွဲ၍ သူမဘာမှ မလုပ်တတ်ခဲ့။ နောက်ပြောင်မှုပေါင်း များလာသောအခါ သူမ သည်းမခံနိုင်တော့ အမေ့ကိုမေးရသည်။ ဒီတော့မှ သူမဘ၀၏ တရားခံသည် ဘုန်းကြီးဘ၀နှင့် ပျံလွန်တော်မူသွားသော သူမအဘိုး ဦးပဉ္စင်း ဦးသောပါကမှန်း သိရ၏။
သူမကို မမွေးခင်ကတည်းက သူမအဘိုးက ဘုန်းကြီးဝတ်သည်။ သူမကို မွေးပြီေးတာ့ အဘိုးက အိမ်ကိုလာရင်း သူမကို နာမည်ပေးသည်။ အဘိုးသည် ဗေဒင်၊ ဆန်းကျမ်း၊ လက္ခဏာ အနည်းအကျဉ်း တတ်ကွှမ်းသဖြင့် မြေးဦးသူမကို သူ တတ်သမျှ;နှင့် တွက်ချက်ကြည့်သည်။ တနင်္ဂနွေ၊ အထွန်းဖွား၊ အုတ်တစ်ချပ်နှင့် ကျော်တစ်ကျော်ရသော သူမနာမည်မှာ မအုန်းကြည် ဖြစ်ခဲ့သည်။ အမေနှင့် အဖေကလည်း ဘုန်းကြီးဝတ်အဘိုး၏ စကားကို မပယ်ရှားဘဲ သူမကို ထိုနာမည်သာ ပေးခဲ့သည်။

မအုန်းကြည်ဟူသော နာမည်သည် အဘိုးတို့ခေတ်တုန်းကတော့ အတော်တာစားခဲ့သော နာမည်မျိုးဖြစ်လိမ့်မည်။ သို့သော် ခေတ်ဆိုတာက တစ်နေရာတည်းမှာ ရပ်တန့်နေသည်မဟုတ်။ အဘိုးက သူ့ခေတ်ကို သူစံထားခဲ့သဖြင့် သူမမှာ ဒုက္ခပေါင်းများစွာကို ခံစားခဲ့ရသည်။ သူမ မမြင်လိုက်ရသော အဘိုးကို စိတ်ထဲမှ ကြိတ်မုန်းပစ်လိုက်၏။ ဆယ်တန်းနှစ်ရောက်လာတော့ သူမသည် အတန်းထဲမှ အလှဆုံးဖြစ်သော်လည်း အလှဆုံးဟူသော ပညတ်ချက်ရသွားသူက 'ညအက္ခရာ' ဖြစ်သွားသည်။

"ညအက္ခရာက မင်းလောက်မလှဘူးကွ။ ဒါပေမယ့် မင်းနာမည်က မအုန်းကြည်ဆိုတော့"

သူငယ်ချင်း ဖွေးဖြူယံ၏ ဆက်မပြောသော စကားက သူမကို ညပေါင်းများစွာ ၀မ်းနည်းကြေကွဲစေခဲ့သည်။ ထို ဆယ်တန်းနှစ်မှာပင် သူမကို ချစ်ခင်သည့်လူမရှိ။ မအုန်းကြည်ဟု လှောင်ပြောင်မည့်သူသာ ရှိသည်။ ရွှေဖုန်းလူတို့ လူစုက ညဘက်ဆိုလျှင် သူတို့အိမ်ရှေ့မှ ဖြတ်တိုင်း 'အုန်းကြည်ရမယ်၊ အုန်းဆီရမယ်၊ အုန်းကြည်ရမယ်'ဟု အော်အော်သွားတတ်သည်။ မကြာခင် ရွှေဖုန်းလူက သူမကို ရည်းစားစကား လိုက်ပြောသည်။ တစ်သက်လုံး ခံစားခဲ့ရသည့် အငြိုးဖြင့် သူမ ရွှေဖုန်းလူကို လွယ်အိတ်ဖြင့် ရိုက်သည်။ အသည်းကွဲမကွဲတော့ မသိ၊ လွယ်အိတ်ထောင့်တွင် ထည့်ထားသော သူမကွန်ပါဗူးကြောင့် ရွှေဖုန်းလူ ခေါင်းကွဲကာ သွားလေသည်။

နာမည်ဆိုသည်မှာ အင်္ကျီလို တစ်နေ့ဝတ်၊ တစ်ခါခွှတ်မရသည့် အရာမို့ ထို မအုန်းကြည်သည် သူမကို တက္ကသိုလ်ရောက်သည်အထိ လိုက်ဒုက္ခပေးနေခဲ့သည်။ သူမကို တက္ကသိုလ်လို ရင်ခုန်လွယ်တဲ့ဒေသမျိုးမှာ ဘယ်ယောက်ျားလေးမှ စိတ်မ၀င်စားကြခြင်းသည် ထိုနာမည်ကြောင့်သာ ဖြစ်ရမည်ဟု သူမကျိန်းသေ တွက်ထား၏။

ထို့ကြောင့် အသိဥာဏ်ရှိလာသော သူမ နာမည်ပြောင်းရန် ကြိုးစားခဲ့ဖူးသည်။ သို့သော် သတင်းစာထဲတွင် ထည့်ကြော်ငြာရမည်၊ မှတ်ပုံတင်ကဒ်ပြား ပြောင်းရမည်၊ ထို့ထက် ဆယ်တန်းအောင်လက်မှတ်တွင် မအုန်းကြည်ဖြစ်သဖြင့် ပြောင်းလိုက်သော နာမည်လှလှသည် မအုန်းကြည်ဟူသော နာမည်နောက်တွင် (ခ)ဖြင့်သာ ပါရတော့မည်ဟု သိရသဖြင့် လက်လျှေ;ာ့ကာ သူမသည် မအုန်းကြည်သာ ဖြစ်နေခဲ့သည်။
ထိုအားနည်းချက်ကြောင့် အားနည်းချက်များစွာ၊ အရှက်များစွာ ရခဲ့သော သူမ၏လျှို့ဝှက်ချက်သည် သူမနာမည် ဖြစ်လာ၏။ သူမသည် ခင်မင်ရင်းနှီးခြင်းမရှိသော မိတ်ဆွေများကို သူမ၏ နာမည်ကို ဘယ်တော့မှ မပြော။ အထူးသဖြင့် ယောက်ျားလေး တော်တော်များများကို သူမအမည်သိမှာ အရမ်းစိုးရိမ်ခဲ့လေသည်။

(နှစ်)
သူမသူငယ်ချင်းများတွင်မတော့ ဘုန်းကြီးဝတ်သွားသော ဗေဒင်တတ်သည့် အဘိုးမရှိ၍ပဲလားမသိ။ နာမည်လှလှကလေးတွေနှင့် ဖြစ်သည်။ ငယ်မဒီတဲ့၊ အရိပ်ဦး၊ ရွှေယမင်းပြည့်၊ နှင်းယွန်းခါ၊ နွဲ့အိန္ဒြာစိုး၊ ပွင့်ဦးစော၊ ညအက္ခရာ တဲ့။ အမြွှာညီအစ်မ၏ နာမည်ကလည်း သကာဦးနှင့် တမာဖူးတဲ့။ တခြားမိန်းကလေးတွေရဲ့ နာမည်တွေကလည်း မကောင်းရင်သာ ရှိရမည်။ ဆိုးတော့မဆိုးကြ။ ရန်ကုန်တက္ကသိုလ်ကြီး တစ်ခုလုံးထဲမှာ သူမနာမည်တစ်ခုတည်းသာ အဆိုးဆုံး ရှက်စရာအကောင်းဆုံးဟု သူမထင်သည်။
လူဆိုသည့် သတ္တ၀ါမှာ တစ်ဦးနှင့်တစ်ဦး ဆက်ဆံသည့်အခါ နာမည်သည် အရေးအကြီးဆုံးမဟုတ်လား။ လူတစ်ယောက်ကို သိချင်လျှင် နာမည်ဘယ်သူလည်း မေးရ၏။ မိတ်ဆက်သည့်အခါ နာမည်ကို ပြောရသည်။ တစ်ခုခုကို တာဝန်ယူသည့်အခါ နာမည်နှင့် လက်မှတ်ထိုးရသည်။ နာမည်ညံ့လျှင် တစ်သက်လုံး လူတောမတိုးတာကြောင့် ရုပ်ရှင်မင်းသမီးတွေ၊ အဆိုတော်တွေက သူတို့နာမည်တွေကို ခပ်ဆန်းဆန်း မှည့်တတ်ကြခြင်းပင် ဖြစ်၏။ အဆိုတော် ထူးအိမ်သင်ကို အင်တာဗျူးတစ်ခုတွင် နာမည်အကြောင်းမေးတော့ ထူးအိမ်သင်က ကျွန်တော့်နာမည်အရင်း ကျော်မြင့်လွင်ဆိုရင် ကျွန်တော့်ကို ဘယ်သူက စိတ်ဝင်စားမှာလဲ။ လူစိတ်ဝင်စားဖို့ တစ်ခုတည်းပါ ဟု ဖြေဖူးတာကို သူမ ကျေနပ်မဆုံး လက်ခံမဆုံးတော့။ သူမ၏ အလှအပများကို ရန်ကုန်တက္ကသိုလ်ကြီးထဲမှာ မည်သူမှ စိတ်မ၀င်စားခဲ့ခြင်း၏ တရားခံသည် သူမအမည်သာ ဖြစ်ရမည်။ ကိုယ့်နာမည်ကိုယ် မုန်းရသော အဖြစ်ထက်ဆိုးသော ဒုက္ခသည် မရှိတော့ဟု မအုန်းကြည်ထင်သည်။

"နွေဦးလေ၊ ကိုယ့်ကို မအုန်းကြည်လို့ မခေါ်နဲ့ကွာ။ အဲဒီနာမည်ကြီးကို တို့မကြိုက်ဘူး။ တခြားလူတွေကြားမှာလည်း ရှက်တယ်။ ဘယ်သူမှ မသိစေချင်ဘူးဟာ" နွေဦးလေနှင့် ယဉ်ကြော့ခေါင်တို့က မျက်ခုံးကို ပင့်ကြ၏။

"ဒါဆိုရင် တို့က မင်းကို ဘယ်လိုခေါ်ရမလဲ"

"တတ်နိုင်သမျှ ကိုယ်နဲ့မင်းနဲ့၊ တို့နဲ့မင်းနဲ့ပဲ ပြောကွာ။ ရတယ်"

"တစ်ယောက်ယောက်က မေးလာရင်ရော"

ယဉ်ကြော့ခေါင်အမေးကို မအုန်းကြည်ပြန်မဖြေနိုင်။ တော်တော်စဉ်းစားယူရ၏။

"ဒီလို၊ တို့စဉ်းစားထားတာ တစ်ခုရှိတယ်။ စိတ်ကြိုက်နာမည်ကလည်း မတွေ့တော့ ဒီလိုလေ။ မအုန်းကြည်ဆိုတာ အင်္ဂလိပ်အက္ခရာဆိုရင် အိုနဲ့ ကေနဲ့ စတာမဟုတ်လား။ ဒီတော့ တို့ကို အိုကေလို့ခေါ်ဟာ နော်"

"အိုကေ၊ ဟင်.. အိုကေ တဲ့"

"အတိုကောက်သဘောမျိုးပေါ့ဟာ နော်။ တခြားလူမေးရင်လည်း မပြောမဖြစ်ရင် ဒါကိုပဲပြော"
မအုန်းကြည် စကားဆုံးတော့ နွေဦးလေက စဉ်းစားသည်။

"OK ဟုတ်ပါပြီ။ ဒါပေမယ့် ယောက်ျားလေးတွေက ခေါ်ရင် မကောင်းဘူးနော်။ သူတို့က OK လို့ခေါ်လို့ မင်းက ပြုံးပြရင် ဟာ မကောင်းဘူး"

နွေဦးလေ စကားကြောင့် အားလုံးတိတ်သွားကြပြီး မအုန်းကြည်လည်း စိတ်ညစ်သွား၏။ OK ဆိုတာ နေရာတကာ ကောင်းတာမဟုတ်။

"OK ဆိုတာထက် ကေလို့ ခေါ်ရင် ပိုမကောင်းဘူးလား"

"ကေ"

မအုန်းကြည်ပြန်ရွတ်ကြည့်ရ၏။

"ကေ .. ကေ၊ အေး။ ကေက မဆိုးဘူးဟ ကေပဲခေါ်ဟာ"

"ကေ နော် ကေ၊ အေး ဟုတ်ပြီ"

သို့သော် ထို 'ကေ'ကလည်း သူငယ်ချင်းနှစ်ယောက် ကြားမှာသာ ကေရသည်။ လက်တွေ့လုပ်သည့်အခါ ကျူတိုရီယယ် ဖြေရသည့်အခါ၊ ကျောင်းသားကဒ် တပ်ရသည့်အခါ သူ့နာမည်ကို သိပြီးသား ကျောင်းသားကျောင်းသူများက မကေကြ၊ မအုန်းကြည်ပဲ ခေါ်ကြသည်။ သူမနာမည်သည် မအုန်းကြည်သာ ဖြစ်သည်။ ကျောင်းသားကဒ်နှင့် စာအုပ်အဖုံးတွင်လည်း မအုန်းကြည်။ ဘွဲ့လက်မှတ်မှာလည်း မအုန်းကြည်။ မင်္ဂလာဆောင်လျှင်လည်း မအုန်းကြည်။ သေလျှင်တောင်မှ သူမခေါင်းတွင် ရေးမည့်အမည်မှာ ဒေါ်အုန်းကြည်ပဲ ဖြစ်လိမ့်မည်ဟု သူမစိတ်နာနာနှင့် တွေးမိသည်။

ထို့ကြောင့် သူမသည် ၀တ္ထုဖတ်သည့်အခါ မင်းသားမင်းသမီး နာမည်မလှလျှင် လုံးဝမဖတ်။ ၀တ္ထုထဲမှ မင်းသမီး နာမည်လှလှတွေ၊ ဆန်းဆန်းတွေကို ရွေးကူးထားတတ်၏။ ယောကျာ်လေးဆိုလျှင်လည်း နာမည်လှမှ စိတ်ဝင်စားချင်သည်။ လှဝင်း၊ သောင်းဌေး၊ အောင်တင့်၊ သန်းအုန်း စသော နာမည်တွေကို လုံးဝ စိတ်မ၀င်စားခဲ့။ သူမသာ တန်ခိုးရှင်တစ်ယောက် ဖြစ်မည်ဆိုလျှင် သူမနာမည်ကို တကမ္ဘာလုံးက တအံ့တသြဖြစ်ကာ စိတ်အ၀င်စားဆုံး နာမည်ဖြစ်အောင် ပြောင်းပစ်လိုက်မည်ဟု အမြဲတွေးနေမိသည်။

(သုံး)
မအုန်းကြည် ကျောင်းဝင်ခွင့်များ ရေးထားသော စာရွက်ကို စိုက်ကြည့်နေခဲ့သည်။ ထုံးစံအတိုင်း တခြားသော ကျောင်းသားများ၏ လှပသော နာမည်များကို ဖတ်နေခြင်းသာ ဖြစ်သည်။ ကြည့်စမ်းပါဦး။ လှလိုက်တဲ့ နာမည်ကလေးတွေ။ မောင်တည်ကြည်ခန့်၊ ကမ္ဘာညွန့်၊ ခေါင်ချုပ်ကျော်၊ တိမ်စိုင်ဖွေး၊ ဖုန်းသဘာ၊ အောင်မြေ၊ ထွဋ်မြတ်ဦး တဲ့။ ဟေကြင်မေခက်စိုး၊ မာကျူရီ၊ ရတနာစိုးအံ့၊ မြမြက်ဦး၊ နွဲ့မေထူး၊ ရွှေကြာမြတ် တဲ့။ သွန်းနှင်းအိမ်၊ ရော်ရော်ထွေးတဲ့။ သင်းသင်းသာသက် တဲ့။

မအုန်းကြည် လေးပင်စွာဖြင့် ကျောင်းဝင်ခွင့်ကြော်ငြာများမှ မျက်နှာကို ခွာလိုက်သည်။ သူ့နာမည်သည် တခြားနေရာတွင် ကပ်ထားရာမှ ဒဏ်ရာအနာတရဖြင့် ပြုတ်ကျထွက်ပြေးသွားပြီဟု ထင်ရသည်။ သူမနာမည်နံဘေးက ခုံနံပါတ်ကိုတော့ မဖတ်ချင်ဘဲ မှတ်လာရသေး၏။ ဒီနှစ် နောက်ဆုံးနှစ်ဆိုတော့ ဘွဲ့ယူလျှင် သူမနာမည်ကို လော်စပီကာဖြင့် အော်ကြဦးမည်။ ဟား။

"ဟာ ဘောလ်ပင် ဘောလ်ပင်။ လွယ်အိတ်မှာ ဘောလ်ပင် တန်းလန်းဖြစ်နေတယ်"

"ရှင်"

ရုတ်တရက် စူးရှသော အော်သံကြောင့် လန့်ဖျပ်ကာ လှည့်ကြည့်တော့ လွယ်အိတ်ထောင့်မှာ အောက်ကျတော့မလို တန်းလန်းဖြစ်နေသော ဘောလ်ပင်ကို တွေ့ရ၏။ သူမ ရှက်ရွံ့စွာ ဖမ်းထားလိုက်ရသည်။ သူမသည် လွယ်အိတ်ဒေါင့်တွင် Dove ထီးကို ထိုးထည့်ထားတတ်သဖြင့် ထီးထိပ်ကြောင့် ပေါက်သွားသော နေရာမှ ဘောလ်ပင်က ထွက်ကျတော့မလို ဖြစ်နေခြင်းဖြစ်သည်။ ရှက်ရှက်ဖြင့် လှမ်းကြည့်တော့ ပြုံးကြည်သော မျက်ဝန်းတစ်စုံကို တွေ့ရ၏။ ဒုက္ခပဲ။ ငါ့လွယ်အိတ်ပေါက်တာကို သိသွားပြီ။

"ကျေးဇူးပါပဲ"

"ရပါတယ်။ ခုနက ကတည်းက ပြောမလို့။ သူက ၀င်ခွင့်ကို ငေးနေတာနဲ့"
ဒုတိယအကြိမ် မအုန်းကြည် ရှက်သွားရပြန်သည်။ သူက နဖူးရှေ့တွင် ၀ဲကျနေသော ဆံပင်ကို ပင့်တင်ကာ ပြုံးနေ၏။ မအုန်းကြည် ရင်တစ်ချက်ခုန်သွားသည်။ မအုန်းကြည် နှစ်သက်စွဲလမ်းရသော လှိုင်းရိပ်ပြေပြေ ဆံပင်တွန့်တွန့်များ သူ့မှာရှိသည်။ မျက်လုံးက စူးရှဝင်းလက်ကာ မျက်ခုံးမွှေးက ထူထူ။ နှုတ်ခမ်းက အနည်းငယ်ပြည့်သည်ဟု ထင်ရသော်လည်း အဖျားက လေးကိုင်းလို ကွေးနေသဖြင့် ပြုံးသည့်အခါလှသည်။ သွားတွေက ညီညာဖြူဖွေး၏။ Giordano ဂျင်း အပြာနုနှင့် ရှပ်အင်္ကျီမီးခိုးရောင်ကို ၀တ်ထားသည်။ မအုန်းကြည်သည် အချိန် (၆)စက္ကန့်အတွင်း မိန်းကလေးတို့ တတ်အပ်သော ပညာဖြင့် လေ့လာကာ မျက်လုံးလွှဲလိုက်၏။

"ဟို ၀င်ခွင့် အခုမှ ကြည့်တာလား။ ရှာလို့ရော ရရဲ့လား။ ဟိုလေ .."

"ရှင့်ကို ကျေးဇူးလို့ ပြောပြီးပြီလေ"

သူ့ကိုတော့ မအုန်းကြည် မသွားစေချင်သေးပါ။ သို့သော် မိန်းကလေးတို့၏ ဖြစ်အပ်သော သံယောဇဉ်ဖြင့် အရဲစွန့်ကာ အားတင်းရခြင်းဖြစ်၏။ ကိုယ်က ပြောရက်သားနှင့် သူက ထွက်မသွားတာမျိုးဆိုလျှင် ကိုယ့်မှာ အပြစ်မရှိတော့။

သို့သော် သူ့မျက်နှာ ရဲခနဲ ဖြစ်သွား၏။

"Sorry နော်" ဟု ခေါင်းကိုငုံ့ကာ တိုးတိုးပြောရင်း ထွက်သွားသည်။ မအုန်းကြည်ရင်ထဲတွင် ဟာပြီး ကျန်ခဲ့လေသည်။ သတိလက်လွတ် လှမ်းငေးမိသေး၏။ 'ငတုံး'ဟုလည်း စိတ်ထဲမှာ အော်မိသည်။ သို့သော် ချက်ချင်းသတိဝင်လာကာ ထိတ်လန့်တကြား သူမလည်း ထိုနေရာမှ ထွက်ရ၏။ ကောင်းပါတယ်လေ။ ထွက်မသွားဘဲ ငါ့နာမည်မေးနေရင် ဒုက္ခ။
နွေဦးလေတို့ကိုပြောပြတော့ သူတို့လည်း စိတ်ဝင်တစားရှိကြ၏။

"အဲဒါ ကောင်းတာပေါ့။ မင်းကို စိတ်ဝင်စားရင် သူ့ဘာသာ ရောက်လာလိမ့်မယ်။ တွေ့တွေ့ချင်းမှာ ခပ်တည်တည်နေနိုင်တာ အကောင်းဆုံးပဲ"

အချစ်ကိစ္စနှင့် ပတ်သက်လာလျှင် ရည်းစားထားဖူးသူတို့၏ စကားသည် ရာခိုင်နှုန်းကိုးဆယ် မှန်လေသည်။ သူက အတန်းထဲတော့ ရောက်မလာပါ။ သို့သော် ကင်တင်းတွင် တွေ့ရ၏။ သူက မအုန်းကြည်ကို အားရပါးရ နှစ်လိုစွာ ပြုံးပြတာ အားလုံးတွေ့လိုက်ကြသည်။ ပြီးတော့ သူမကို ခိုးခိုးငေးသည်ကိုလည်း အတိုင်းသားမြင်ရ၏။ ရှက်နေသော မအုန်းကြည်ကို ယဉ်ကျော့ခေါင်တို့က ခပ်တည်တည်ပဲ ဆက်နေခိုင်းသည်။ နွေဦးလေက စ၏။ "မင်းရည်းစားရတော့မယ် မအုန်းကြည်"တဲ့။ မအုန်းကြည်ရင်ထဲ လှိုက်ခနဲ ခုန်သွားသည်။

(လေး)
"တို့ အသိချင်ဆုံးက သူ့နာမည်ပဲ။ တို့အခုအချိန်မှာ မသိစေချင်ဆုံးကလည်း တို့နာမည်ပဲ"

မအုန်းကြည်စကားကြောင့် သူငယ်ချင်းများ တိတ်တဆိတ် ပြုံးကြသည်။

"သူ့နာမည်က အရေးမကြီးပါဘူးကွာ။ အဓိကက သူကိုယ့်အပေါ် ထားတဲ့ သဘောထားနဲ့ သူ့အချစ်ပဲ"

"ဟာ မရဘူး။ ဒါတော့ လုံးဝမဖြစ်နိုင်ဘူး။ တို့အတွက် ရုပ်ရည်ထက် မေတ္တာထက် နာမည်က ပိုအရေးကြီးတယ်။ တို့ချစ်သူရဲ့ နာမည်က လှလှကလေး ဖြစ်ရမယ်။ ကြားလိုက်တာနဲ့ လူတိုင်းစိတ်ဝင်စားပြီး ထူးခြားတဲ့ နာမည်မျိုး"

"ကဲ ထားလိုက်တော့။ သူမင်းကို စိတ်ဝင်စားနေတာက သေချာပြီ။ တကယ်လို့ သူ့နာမည်က ဘာမှမထူးခြားတဲ့ စန်းဦးတို့၊ လှသန်းတို့၊ ကြွက်နီတို့ဆိုင် ဘယ်လိုလုပ်မလဲ"

နွေဦးလေ၏ စကားကြောင့် မအုန်းကြည်တွေဝေသွားသည်။ ဘာပြန်ပြောရမှန်းမသိ။ သူတို့ပြောသော နာမည်တွေနှင့် သူ့ပုံစံကို ယှဉ်ကာ ခံစားကြည့်သည်။ ခံစား၍ လုံးဝမရ။

"မဖြစ်နိုင်ဘူး။ နွေဦးတို့ပြောတဲ့ နာမည်တွေနဲ့ သူ့ပုံစံက လုံးဝ မလိုက်ဘူး။ သူ့နာမည်က လုံးဝ လှရမယ်။ ဥပမာ လွန်းထားထားတို့၊ လမင်းမိုမိုတို့၊ တာရာမင်းဝေတို့ ၀တ္ထုထဲက ဇာတ်ကောင်မျိုး စပ်နေဗလတို့၊ နေဒွန်းတို့ လင်းဆက်တို့လိုမျိုး"

သူငယ်ချင်းများက မအုန်းကြည်ကို ပြုံးကြည့်ကာ ခေါင်းကို ခါကြသည်။ လူတစ်ယောက်မှာ တစ်ခုခုတော့ ရူးသွပ်ခွင့်ရှိသည် မဟုတ်လား။ ထိုနေ့မှစ၍ သူအတန်းရှေ့သို့လာတိုင်း ကော်ရစ်တာနှင့် ကင်တင်းမှာတွေ့တိုင်း၊ နာမည်လှလှတစ်ခုနှင့် သူ့ကို ယှဉ်ကြည့်မိတတ်သည်။ သို့သော် သူနှင့်လိုက်ဖက်သော နာမည်ကို မတွေ့ပါ။ သူ့နာမည်က ဘာတဲ့လဲကွယ်။

မအုန်းကြည် သူ့နာမည်ကို အရမ်းသိချင်ပါသည်။

အခု သူ့အကြောင်းကို တွေးသည့်အခါတွင် မပြည့်စုံ။ သူ့ပုံစံကိုသာ မျက်စိထဲမြင်ရသည်။ သူ့နာမည်ကို မသိရ။ ကိုယ်က တိတ်တိတ်ပြန် ရင်ခုန်ချင်သော ချစ်သူ၏ နာမည်ကို မသိရသော ရင်ခုန်သံသည် ရင်ထဲမျာ ရာခိုင်နှုန်းပြည့် ပျော်စရာမကောင်းချေ။ သူ အတန်းရှေ့လာလျှင် သူ့နောက်က ပါလာလျှင် သူ့နာမည်ကို ခေါ်မေးလို့လည်း မကောင်းသေး။ သူက ဘာမှမပြောဘဲနှင့် ကိုယ့်ဘက်က သိက္ခာမဲ့သွားနိုင်၏။ နောက် စိုးရိမ်စရာအချက်တစ်ခုကတော့ သူက သူမနောက်ကိုလိုက်ကာ နာမည်မေးလျှင် ဘယ်လိုလုပ်ရမလဲဆိုတာပဲ ဖြစ်သည်။

ထိုကိစ္စကို တွေးလိုက်မိလျှင် ရှေ့မှာ စိတ်ကူးနှင့် ကြည်နူးရသမျှတို့ လွင့်စင်ကွဲကျသွားတတ်၏။ ခွှေးစေးတွေပြန်ကာ အိပ်မရတော့။ မအုန်းကြည်အတွက် ခုခံစရာမရှိ။ သူမ ဘာပြောရမလဲ။ သူ့နာမည်က သိပ်လှနေ၍ သူမက နာမည်လှလှချစ်သူတစ်ယောက်ကို ရသွားပြီထားပါတော့။ သူ့ချစ်သူက သူမကို ပြန်ခေါ်သည့်နာမည်က 'အကြည်'တို့ 'အအုန်း'တို့ဆိုလျှင် သွားပြီ။
မအုန်းကြည် အတွေးထဲမှာ ဂျပ်စင်သည် ယိမ်းယိုင်ကာသွား၏။ ရေတမာပင်တွေ အရွက်ဝါသွားသည်။ ခုံတန်းပြာရိပ်ကလည်း မလှတော့။ အဓိပတိလမ်းသည် မညီညာတော့။ ကန်ရေလေပြည်က ပူလောင်သွားသည်။ ခွှေးစေးတွေပြန်ကာ သူမထထိုင်ရသည်။ ပြန်အိပ်၍မရတော့။

အတန်းရှေ့တွင် သူလာကြည့်စဉ်က လွင့်မြောက်သွားသော သူမရင်ခုန်သံသည် မအုန်းကြည်ဆိုသော နာမည်တွင် ချိတ်ကာ တန်းလန်းကြီး ဖြစ်နေ၏။ ထိုနေ့ညက ပြန်အိပ်တော့ အိပ်မက်တစ်ခုကို မက်သည်။ သူက သူမနာမည်ကို လာမေးရင်း မအုန်းကြည်ဟု သိသွားသောအခါ တဟားဟား အော်ရယ်ကာ ထွက်သွားသည်တဲ့။ နောက်ဆုံးတော့ သူမ၏ မလွန်မြောက်နိုင်သော အခက်အခဲကို သူငယ်ချင်းများက ၀ိုင်းကာ ဖြေရှင်းပေးကြရသည်။

"ဘာမှမပူနဲ့။ သူရည်းစားစကား လာပြောရင်လည်း ကြောက်ကြောက်နဲ့ လာပြောမှာ။ မင်းနာမည်မေးလည်း မပြောနဲ့ပေါ့။ ဘာမှပြန်မပြောနဲ့။ အော်ပစ်လိုက်"

"ဟာ တို့မအော်ရဲဘူး"

"ရတယ်၊ သူ့ကို အလိုက်သင့်သာ ပြောကွာ။ အချိန်တွေ ရှိသေးတာပဲ။ တို့နာမည်ကောင်းကောင်း တစ်ခုမရမချင်း သူ့ကို နာမည်မပြောနဲ့။ တို့ကို လာမေးလည်း တို့လုံးဝမပြောဘူး"

သူငယ်ချင်းနှစ်ဦး အားပေးစကားကြောင့် မအုန်းကြည် အနည်းငယ် စိတ်သက်သာရာ၇သည်။ ထိုနေ့မှစ၍ မအုန်းကြည် သူ့ကို လိမ်ပြောစရာ နာမည်လှလှတစ်ခုကို ရွေးရရှာသည်။ ၀တ္ထုတွေထဲမှာ၊ ဗီဒီယို ကားတွေထဲမှာ၊ အဆိုတော်တွေထဲမှာ နာမည်လှလှတစ်ခုကို ရှာသော်လည်း မအုန်းကြည်လိုချင်သော နာမည်မျိုးက တစ်ခုမှမရ။ ခဂ္ဂါ၊ မဟူရာပွင့်၊ လင်းလတ်ဖြိုး၊ ဖွေးရည်ဦး၊ အရိပ်ဝေ၊ လရောင်ဝါ၊ မေသကြာ။ သူမရှာ၍မရသမျှ သူငယ်ချင်းတွေ ရှာပေးသမျှ; ဘာတစ်ခုမှမကြိုက်၊ အစတွင် ဟုတ်သလိုလို ရှိသော်လည်း နောက်ဆုံးတွင် မကြိုက်ရေးချမကြိုက်။ သူမလိုချင်သည့်နာမည်က ကြားလိုက်တာနှင့် ထူးခြားသွားစေရမည့် နာမည်မျိုး။

(ငါး)
ထိုနေ့က ကျောင်းအပြန် သူငယ်ချင်းနှစ်ယောက်နှင့် အဓိပတိလမ်းမှာ အေးအေးဆေးဆေး လျှေ;ာက်လာတုန်း နွေဦးက နောက်မှသူပါလာပြီဟု ပြောသဖြင့် မအုန်းကြည် လက်ဖျားတွေ ချက်ချင်းအေးစက်ကာ လာ၏။

"ကဲ ငါတို့လစ်တော့မယ်။ ငါတို့ရှိနေရင် သူဝင်ရဲမှာမဟုတ်ဘူးကွ"

"ဟာ .. နေကြဦးလေ။ တို့တစ်ယောက်တည်း .."

"ရတယ် ဘာမှမကြောက်နဲ့။ ဒါက ဒီလိုပဲ။ ကြောက်စရာမလိုဘူး"

"မဟုတ်ဘူး။ တို့နာမည် နာမည်"

"နာမည် မလိုသေးဘူးလေကွာ။ မေးလည်းမပြောနဲ့။ ဒါပဲ။ လစ်ပြီနော် တာ့တာ"

မအုန်းကြည်တစ်ယောက်တည်း ကျန်ခဲ့သည်။ ရင်တွေ တဆတ်ဆတ်တုန်ကာ လက်ဖျားတွေ အေးစက်ကာနေ၏။ ခြေထောက်အောက်မှ အဓိပတိလမ်းသည် အရှိန်တစ်ခုနှင့် ရွေ့လျားနေသလို ထင်ရ၏။ ရေတမာရွက်တွေ၊ မအုန်းကြည်နံဘေးမှာ တဖျပ်ဖျပ်လွင့်ကာ ကျန်ခဲ့သည်။ ကမ္ဘာလောကကြီးသည် ကျဉ်းသွားလိုက်၊ ကျယ်သွားလိုက်ဖြစ်နေ၏။ သူမလျှ;ာထဲမှာ ဘာမှန်းမသိသည့် အရသာတစ်ခု ကခုန်ကာနေသည်။ ထိုစဉ် သူမနာသို့ ရေမွှေးဆွတ်ထားသော ယောက်ျားလေး ကိုယ်ရနံ့တစ်ခု အုပ်မိုးကာလာသည်။

ဘုရား ဘုရား။ ငါ့နာမည်ကို မမေးပါစေနဲ့။

သို့သော် သူမနံဘေးမှာ ဘာသံမျှ ထွက်မလာ။ လှည့်လည်းမကြည့်ရဲ။ လမ်းလျှောက်ရတာ မူမမှန်ချင်တော့။ ကြာလျှင် ဒူးညွတ်ကာ လဲကျသွားတော့မည်ထင်သည်။ နာမည်မမေးပါစေနဲ့။

"ဟို စိတ်မဆိုးနဲ့နော်။ ကျွန်တော်လိုက်နှောင့်ယှက်တာ မဟုတ်ပါဘူး"

မအုန်းကြည်၏ အသိစိတ်တစ်ခုလုံး တုန်ခါသွားသည်။ ကမ္ဘာသည် တိတ်ဆိတ်သွားကာ မအုန်းကြည် ခန္ဓာကိုယ်က လေထဲမှာ လွင့်နေပုံရလေသည်။

"ဟိုဟာ ကျွန်တော် ဟိုလေ ရိုးရိုးသားသား အဲ ဟိုဟာလေ အဲဒါ ဖြည်းဖြည်း လျှေ;ာက်ပေးပါလားဗျာ။ ကျွန်တော် မောလို့ပါ။ ဟိုဒင်းလေ"

"ဘာ .. ဘာလဲ"

"ဗျာ၊ ဟိုဟာပါ။ ဟိုလေ .. ဟိုဟာ"

"ရှင် ရှင် လွန်လာပြီနော်"

"ဟာ စိတ် စိတ်မဆိုးပါနဲ့။ ဟိုဟာပါ။ ဒီလိုဗျာ။ ခွင့်ပြုပါ။ ဒါမှမဟုတ်ရင် ခွင့်လွှတ်ပါ။ ကျွန်တော် သူ့ကိုချစ်လို့ပါ"

"လဲသေလိုက်"

တကယ်တော့ နောက်ဆုံးစကားများကို သူမ ပြောမိလို့ပြောမိခဲ့မှန်း မသိခဲ့ပါ။ ပြောမိခဲ့တယ်ဆိုလျှင်တောင်မှ ထိုစကား၏ အဓိပ္ပါယ်ကို ပြောစဉ်က လုံးဝမသိခဲ့ပါ။ ချစ်တယ်ဆိုသော သူ့စကားက နှလုံးသားကို ၀ုန်းခနဲလာရိုက်ခတ်သဖြင့် ယောင်ရမ်းကာ နှုတ်မှ ထွက်သွားခြင်းပင်ဖြစ်ပါသည်။

သူမ သတိပြန်ရတော့ ကိုယ်တော်ချောက ခြေလှမ်းဆယ်လှမ်းစာလောက် ပြတ်ကာ ရပ်ငေးရင်း ကျန်ခဲ့သည်။ မအုန်းကြည် ရင်တွေလည်း ဟာကာသွား၏။ အခုမှပင် တကယ်ဒူးတွေခွေကျကာ သွားခဲ့သည်။ နောက်တစ်နေ့ပြန်ပြောပြတော့ သူငယ်ချင်းနှစ်ဦးစလုံးက ထိုကိစ္စသည် အဆင်ပြေကြောင်း ၀မ်းသာအားရ ပြောကြ၏။

"ဒါ ကိုယ့်အတွက် ကောင်းတာပေါ့။ မင်းတစ်ခါတည်း အဖြေပေးချင်လို့လား"

"မဟုတ်ဘူးလေ။ တို့ဆိုလိုတာက ဒီထက်နူးညံ့တဲ့ စကားလုံးပေါ့ဟာ။ အခုဟာက တော်တော်ကြမ်းသွားတော့ သူလန့်ပြီး .."

"အမယ်လေး ယောက်ျားလေးဆိုတာက ဒီလောက်နဲ့ လန့်မှာမဟုတ်ဘူး။ လက်လည်းမလျှော့ဘူး။ ဒီကောင် လာကိုလာမှာ သေချာတယ်"

"ဟဲ့ ဒါနဲ့ သူ့နာမည်က ဘယ်သူလဲဟင်"

"ဟာ ဒီလောက်အသည်းအသန်ဖြစ်နေတာ ဘယ်လိုလုပ် မေးနိုင်မှာလည်းဟ"

ဒီတော့လည်း သူငယ်ချင်းများက ရယ်မောကာ ဟုတ်တယ်ဟု ထောက်ခံကြ၏။ မအုန်းကြည်၏ ရောဂါကြောင့် သူငယ်ချင်းများလည်း သူ့နာမည်ဘာဆိုတာကို သိချင်နေကြလေသည်။ နောက်တစ်နေ့ကျတော့ ကိုယ်တော်ချောက နောက်မှ ကပ်ပါလာပြန်သည့်အတွက် မအုန်းကြည်ရင်ထဲမှာ ကျေနပ်ကာသွား၏။ သို့သော် အတင့်ရဲကာ စကားလာမပြောသဖြင့် ရင်ဖိုရတာ အဖတ်တင်သည်။ မအုန်းကြည်က နှုတ်ခမ်းများကို တင်းစေ့ထားသော်လည်း ကိုယ်ဟန်အမူအရာနှင့် မျက်ဝန်းတွေကိုတော့ ဖျော့ကာထားလိုက်၏။ တတိယနေ့ကျမှ ကိုယ်တော်ချောက အနားမရဲတရဲကပ်ကာ ဟိုတစ်နေ့ကိစ္စကို သူ့ဘက်က မလွန်ပါဘဲနှင့် အနူးအညွတ်တောင်းပန်သည်။ သူ့လေသံ ဖျော့ဖျော့ကြောင့် မအုန်းကြည် အရင်နေ့တုန်းကလောက် မကြောက်တော့။ ရပါတယ်ဟု တည်ငြိမ်စွာ ဖြေနိုင်ခဲ့သည်။ သူလာကြည့်တာ သိလား ဘာညာ ဆက်မေး၏။ မအုန်းကြည်က ရှင်လာကြည့်ကြည့်နေတာ တစ်တန်းလုံးမြင်တယ်ဆိုတော့ ကျွန်တော်က တစ်ယောက်ပဲ သိစေချင်တာတဲ့။

စတုတ္ထနေ့ကျတော့ ဘာကြောင့်မှန်း ဘယ်ကမှန်းမသိ။ ရယ်ရယ်မောမော စကားပြောဖြစ်သွား၏။ ကိုယ်တော်ချောက ချစ်တယ် ဘာညာတော့ မပြောတော့။ နွေဦးတို့ပြောသလို မအုန်းကြည် စိတ်ဆိုးမှာ ကြောက်ဟန်တူသည်။ အတန်းရှေ့အထိ လိုက်ပို့ကာ ပြန်သွားသည်။ မြင်လိုက်ရသော သူငယ်ချင်းနှစ်ယောက်က မအုန်းကြည်အတွက် ၀မ်းသာကြ၏။ ခက်နေတာက မအုန်းကြည်။ သူ့နာမည်ကို အရမ်းသိချင်နေခဲ့သော်လည်း သူက ပြန်မေးလျှင် ပြန်ဖြေစရာ နာမည်ကောင်းကောင်းတစ်ခု မရသေးသဖြင့် မမေးရဲသေး။ နောက်တစ်ချက်က သူလာစကားပြောတာကို ခွင့်ပြုထားသော်လည်း

သူပြောသည့်စကားများကို စိတ်မ၀င်စားသလို လှည့်ထွက်နေရသောကြောင့် သူ့နာမည်ကို သိချင်နေမှန်း မသိအောင် နေရပြန်၏။ သူငယ်ချင်းများက မေးပေးမည်ဆိုပြန်တော့လည်း ကိုယ်တော်ချောက နွေဦးနှင့် ယဉ်ကျော့ပါလျှင် လုံးဝအနားသို့ မကပ်။ သူမတစ်ယောက်တည်းကျမှသာ လာတတ်၏။

ဒီလိုနှင့်ပင် နှစ်လခန့်ကြာသွားပြီဖြစ်သည်။ အချင်းချင်းလည်း တော်တော်ရင်းနှီးနေကြပြီဖြစ်၏။ အရင်က စိုးရိမ်ခဲ့သလို သူက မအုန်းကြည်နာမည်ကို လုံးဝမမေးခဲ့သဖြင့် တော်တော်စိတ်သက်သာရာ ရသည်။ တစ်ဦးနှင့်တစ်ဦး ထားရှိသော သံယောဇဉ်ကိုပင် လျှို့ဝှက်မထားကြသော်လည်း သူတို့အကြားတွင် လျှို့ဝှက်ထားရသောအရာမှာ နာမည်သာ ဖြစ်သည်။
(ခြောက်)
ဒီနေ့တော့ သူက လိုင်ဘရီရှေ့က ကံ့ကော်ပင်တွေအောက်မှာ ခဏထိုင်ခွင့်တောင်းကာ သူမထံမှ အဖြေတောင်းသည်။ လှိုင်းရိပ်ပြေပြေ ဆံပင်တွေအောက်က သူ့နဖူးကလေးမှာ ခွှေးစတွေ စုကာနေသည်ကို မအုန်းကြည် ငေးကာနေမိသည်။ အမြဲတမ်း တောက်ပစူးရှသော သူ့မျက်ဝန်းမှာ ညှိုးငယ်နေရှာ၏။

"ဒီလိုပဲ နှစ်သိမ့်မထားပါနဲ့ဗျာ။ ကျွန်တော် မနေတတ်တော့ဘူး။ ကွှန်တော့်အချစ်ကို ယုံပါ။ ကျွန်တော်သူ့ကို မြတ်နိုးပိုင်ဆိုင်ချင်စိတ် အပြည့်နဲ့ ချစ်တာပါ။ ဟိုဟာလေ တခြားလူတွေလို မပိုင်ဆိုင်ချင်ဘူး ဘာညာ မပြောချင်ပါဘူး။ ကျွန်တော် သူ့ကို မပိုင်ဆိုင်ရရင် မဖြစ်တော့ဘူး"

သူမ ဖတ်နေသည့် ၀တ္ထုနှင့် ကြည့်နေသည့် ဗီဒီယိုကားတွေထဲကလို လှပသော စကားများကို သူတကယ်ပြောတာဆိုတာကိုတော့ သူမယုံကြည်ပါသည်။ မအုန်းကြည်လည်း သူ့ကို ချစ်နေတာာ သေချာပါသည်။ သို့သော် ခက်နေတာက ငယ်ငယ်ကတည်းက ထိတ်လန့်ခဲ့သော အစွဲနာမည်သာ ဖြစ်သည်။ အခုနေ သူ့နာမည်ကို မေးလိုက်လျှင် လုံးဝသဘာဝကျပါသည်။ သို့သော် သူက ပြန်မေးလျှင် ဘာဖြေရမလဲ။ မအုန်းကြည်တို့ စိုးရိမ်နေစဉ်ကာလက သူကဘာမှ မမေးခဲ့သဖြင့် မအုန်းကြည်တို့ ထိုနာမည်ကိစ္စကို မေ့ထားလိုက်ကြသည်။ ထို့ကြောင့် မအုန်းကြည်က သူ့ကို ယာယီလိမ်ပြောဖို့ နာမည်လှလှတစ်ခုကို ရွေးမထားခဲ့။ ဘာလုပ်ရရင်ကောင်းမလဲ။ သို့သော် မအုန်းကြည်သည် အရင်တုန်းကလောက် ထူအသော မိန်းကလေးလည်း မဟုတ်တော့ပါ။

"ဟုတ်ပြီလေ။ တို့စဉ်းစားမယ်။ မနက်ဖြန် ဒီနေရာကိုပဲ လာခဲ့။ တို့ တိကျတဲ့ အဖြေတစ်ခုပေးမယ်။"

သူငယ်ချင်းများနှင့် အတန်းထဲမှာတွေ့တော့ ထူးခြားသော အခြေအနေကို ပြောပြရင်း ကိုယ့်ဘက်မှ ကြိုတင်ပြင်ဆင်သည့် အနေနှင့် တစ်နေကုန် စာမသင်နိုင်တော့ဘဲ မအုန်းကြည်တို့ အလုပ်ရှုပ်သွားခဲ့ကြသည်။ ရသမျှ; နာမည်လှလှတွေကို စဉ်းစား၊ ချရေး၊ ဝေဖန်၊ အကြိုက်ရွေးကြရင်း နောက်ဆုံးညနေစောင်းမှာပင် ရွေးထားသမျှ; နာမည်များထဲမှာ မေထိုက်အိမ်နှင့် ခဲယမုံဆိုသော နာမည်နှစ်ခုကို ရသည်။ မအုန်းကြည် စိတ်တော်တော်ပေါ့ပါးသွား၏။ မနက်ဖြန်သည် သာယာလှပသော နေ့တစ်နေ့ဖြစ်ရမည်။

"ဒါဆိုရင် သူ့နာမည် ဘာပဲဖြစ်ဖြစ်၊ တို့နာမည်က အဆင့်မနိမ့်တော့ဘူးပေါ့ကွာ"

"ဟုတ်တယ်။ ဒီကောင်ကြည့်ရတာ လူက လူပျော့ဆိုတော့ နာမည်နုနုပဲနေမှာ။ မျိုးငြိမ်းဆွေတို့၊ သက်ဇော်ထွေး အဲဒီလိုပေါ့ဟာ"

ယဉ်ကျော့စကားကြောင့် နွေဦးက မျက်နှာကို မဲ့၏။

"ဆိုင်ပါဘူး။ ယဉ်ကျော့ကလည်း တို့လူကို ကြည့်ပါလား။ နာမည်က သတ္တိတဲ့။ လူက ပုရွက်ဆိတ်ကိုက်ရင်တောင် ငိုချင်နေတာ"

နွေဦးစကားကြောင့် ပေါ့ပေါ့ပါးပါး ရယ်ရသေး၏။ ဘာပဲဖြစ်ဖြစ်လေ မနက်ဖြန်အတွက် မအုန်းကြည် ရင်တော်တော်အေးသွား၏။

"ဟဲ့ အဖြေမပေးခင် သူ့နာမည်ကို အရင်မေးနော်။ မင်းရွေးပြီးတဲ့နာမည်ကိုလည်း သတိအမြဲရနေအောင် ခဏခဏ ရွတ်ကြည့်ထားဦး။ တော်ကြာ ဟိုက ခေါ်မှ လှည့်မကြည့်မိဘဲ နေဦးမယ်"

ထိုသတိပေးစကားအရရော မနက်ဖြန်သူ့ကို ပေးရမည့် အဖြေအတွက် ပါ မအုန်းကြည်တော်တော်နှင့် အိပ်မရတော့။ အိပ်မရတော့မှန်းသိသဖြင့် မျက်စိကိုမှိတ်ကာ သူမရွေးထားပြီးပြီဖြစ်သော မေထိုက်အိမ်ဆိုသည့် နာမည်ကို စိတ်ထဲက ရွတ်နေမိသည်။ ထိုညသည် တစ်ညလုံး မေထိုက်အိမ်ညဖြစ်၏။ သူ့နာမည်က ဘာတဲ့လဲ မေထိုက်အိမ်၊ မေထိုက်အိမ်၊ မေထိုက် .. ..။

(ခုနစ်)
မနက်မိုးလင်းတော့ သူမသည် တကယ့်ကို မေထိုက်အိမ် ဖြစ်သွားလေသည်။ မေထိုက်အိမ်သည် အိပ်ရာထသည်။ ရင်ခုန်သည်။ မျက်နှာသစ်သည်။ အလှဆုံးပြင်သည်။ ထို့နောက် မေထိုက်အိမ်သည် အဓိပတိလမ်းကို လျှေ;ာက်လာလေသည်။ အဓိပတိလမ်းမှ လိုင်ဗရီရှေ့ ကံ့ကော်ပင်ရိပ်မှာ သူ့ကိုတွေ့ရတော့ မေထိုက်အိမ်ရင်သည် ကျင်ခနဲ ခုန်ကာသွား၏။ ၀င်ထိုင်ပြီးသည့်အထိ သူက ဘာမှမပြော။ မေထိုက်အိမ်လည်း ဘာမှ မပြောနိုင်။ တိတ်ဆိတ်နေချိန်များမှာ မေထိုက်အိမ်ဆိုသော နာမည်ကိုသာ ရွတ်နေလိုက်၏။ ရင်ထဲမှာ မောကာနေသည်။

"ကျွန်. . . ကျွန်တော့်အတွက် အဲဒါ ဟိုဟာလေ"

"အင်း စဉ်းစားပြီးပါပြီ"

တိတ်ဆိတ်သွားကြပြန်၏။ ဒီတစ်ခါတော့ စကားကို မေထိုက်အိမ်က စရ၏။

"ဒါပေမယ့် တစ်ခုတော့ ရှိတယ်။ တို့အဖြေမပေးခင် သူ့နာမည်ကို အရင်ပြောပြရမယ်"

"ဗျာ"

သူ တအံ့တသြ မော့ကြည့်သော အကြည့်ကို မေထိုက်အိမ် သဘောပေါက်လိုက်ပါသည်။ သူ မျှော်လင့်တကြီး အခက်အခဲအဖြေကို ရရန်အတွက် တစ်ညလုံး ထိတ်လန့်စိုးရိမ်နေလိမ့်မည်။ အခုကျတော့ သူလုပ်ရမှာက အင်မတန်မှ လွယ်ကူသော သူ့နာမည်ကို ပြောပြရန်သာ ဖြစ်နေသည့်အတွက်ပဲ ဖြစ်ရမည်။

သူ့ကို ပြုံးပြလိုက်ရ၏။

"ဟုတ်တယ်လေ။ သူ့နာမည်။ သူက တို့ကိုလိုက်တယ်။ ချစ်တယ်လို့လည်း ပြောတယ်။ အခု အဖြေပေးမယ့်အချိန်ပဲ ရောက်နေပြီ။ သူ့နာမည်ကို တစ်ခါမှ မပြောဖူးဘူး။ အခု တို့တောင်းဆိုတာ ဒါပဲ။ သူ့နာမည်ပြောပြီးရင် အဖြေပေးမယ်။ တို့ကလည်း သူ့နာမည်ကို သိပ်သိချင်နေတာ။ ကဲ ပြော သူ့နာမည် ဘယ်သူလဲ"

"နာမည် နာမည်"

သူ ထိတ်လန့်တကြား ထကာရပ်၏။ သူ့မျက်ဝန်းတွေက အံ့သြနေတာမဟုတ်တော့။ ကြောက်လန့်နေတာ ဖြစ်သည်။ သူ့နှုတ်ခမ်းတွေ ဟကာနေ၏။ ဘာဖြစ်တာလဲ။

"ဟုတ်တယ်လေ နာမည်ကို မေးနေတာ။ သူ့နာမည် ဘယ်သူလဲ။ ကဲ ပြော"

"ဟို ဟိုလေ အဖြေပေးပြီးမှ နာမည်ပြောလို့ မရဘူးလား"

တုန်လှုပ်ကြောက်ရွံ့စွာ ပြောလာသော သူ့စကားကြောင့် သူမလုံးဝ အံ့သြသွားသည်။ သူမ သူ့နာမည်ကို ဘယ်လောက် သိချင်ခဲ့ရသနည်း။ အကြိမ်ကြိမ်မျှော်လင့်ခဲ့၊ စိတ်ကူးယဉ်ခဲ့၊ မှန်းဆခဲ့ရသည်။ သူမ သူ့နာမည်ကို သိချင်ခဲ့သော်လည်း ကိုယ့်ဘက်က အဆင်မပြေသဖြင့် မမေးရဲခဲ့။ အခုအဖြေပေးဖို့ အချိန်ရောက်တော့လည်း ကိုယ့်ဘက်က ပင်ပန်းကြီးစွာ ပြင်ဆင်ခဲ့ရသည်။ အခုမှ သူက ဘာကြောင့် မပြောရသနည်း။

"ဒီမှာ ၇ှင်ဘာဖြစ်နေတာလဲ။ ရှင့်နာမည်ကို ပြောနေတာ ဘာဖြစ်နေတာလဲ"

"ဟို သူ သူတို့ကို အဖြေအရင်ပေးပါလား။ အဖြေပေးပြီးမှ တို့နာမည်. . . "

သည်းမခံနိုင်တော့ပြီ။ ဒေါသက နှလုံးကိုပင့်တင်ကာ ဆွဲမသဖြင့် သူမ ၀ုန်းခနဲ ထရပ်သည်။ ဘာဖြစ်ရသနည်း။ ဘာကြောင့် သူ့နာမည်ကို မပြော၇သနည်း။ သူ့နာမည်ကို သိချင်စိတ်က တစ်ကိုယ်လုံး မွှန်ထူကာလာသည်။

"ဒီမှာ ရှင့်ကို ကျွန်မ တစ်ခါတည်းပြောမယ်။ ရှင့်နာမည်မသိဘဲနဲ့ လုံးဝအဖြေမပေးနိုင်ဘူး။ ဘာမှမဟုတ်တဲ့ဟာကို ဘာဖြစ်နေတာလဲ။ ရှင့်နာမည်မပြော၇င် ရှင်ကျွန်မဆီက ဘာမှ မမျှော်လင့်နဲ့တော့"

ဒေါသဖြင့် အော်ဟစ်လိုက်သော သူမစကားဆုံးတော့ သူခေါင်းငိုက်စိုက်ကျသွားပြီး တွေတွေကြီးရပ်ကာ စဉ်းစားနေသည်။ ဘာကြောင့် ဒီလောက်လွယ်ကူသော နာမည်ကလေး ပြောဖို့ကိစ္စကို သူလုပ်နေပုံကြည့်ပြီး သူမ အသည်းယားကာ အ၇မ်းသိချင်လာ၏။ ခဏကြာတော့ သူခေါင်းမော့ကာလာသည်။ သူ့မျက်ဝန်းတွေက မယုံနိုင်စရာ ညှိုးရိပ်သင့်နေကြသည်။

"ကျွန်တော် ပြောပါ့မယ်။ ကျွန်တော်"

"ပြော ပြောမှာသာပြော။ ဘယ်သူလဲ နာမည်"

"ကျွန်တော့်နာမည် ပြားကြီးပါ"

"ဘာ"

"ဟုတ်ပါတယ် ပြားကြီးပါ"

လောကကြီးသည် ဘာသံမှ မမြည်တော့ဘဲ တိတ်ဆိတ်ကာသွား၏။
ခါးကလေးကုန်း၊ လက်သီးကလေးနှစ်ဖက်ကို ကျစ်ကျစ်ဆုပ်ကာ အော်မိသော သူမလည်း ခါးကို ပြန်မဆန့်နိုင်ခဲ့။ ပြားကြီး ပြားကြီးဆိုသော အသံသည် အသိဥာဏ်ထဲမှာ တွန်းထိုးရုန်းကန်နေသည်။ ဘုရား ဘုရား သူမ မျှော်လင့်မြတ်နိုးစွာ အကြိမ်ကြိမ်တမ်းတခဲ့ရသော သူမချစ်သူ၏ နာမည်က ပြားကြီးတဲ့လား။ အံ့သြဒေါသဖြစ်စွာ ငြိမ်သက်ပြီးကြည့်နေသော သူမကို သူက ငေးကြည့်ကာ ခြေတစ်လှမ်းနောက်ဆုတ်သည်။

"ကျွန်တော်က ရွှေဘိုနယ်သားပါ။ ကျွန်တော့်ကို မွေးပြီးတော့ အမေက ကြမ်းပေါ်မှာ အနှီးနဲ့ ခုခုသိပ်ပါတယ်။ ဒါပေမယ့် ကျွန်တော်က မွေးခါစက ထွားလွန်းတော့ ရုန်းရင်းကန်ရင်း ကြမ်းပြင်ပေါ်ရောက်ရောက်နေတတ်တော့ ကျွန်တော့်နောက်စေ့က ပြားသွားတာပါ။ အဲဒါကို အဘွားက ချစ်စနိုးခေါ်ရင်း တစ်အိမ်လုံး ဒီနာမည်ပဲ ဖြစ်သွားတာပါ"

သူ့အသံတွေက တုန်ယင်ကာနေကြသည်။ သူ့မျက်ဝန်းထဲမှာ မျက်ရည်က ဝေ့ကာတက်လာ၏။ လေသံပြတ်သွားပြီး၊ သူဘာစကားမှ မပြောနိုင်။ ခဏကြာမှ အားတင်းကာ ဆက်ပြောသည်။

"ကြီးလို့ မှတ်ပုံတင်ရိုက်ကြတော့ မိဖတွေမအားလို့ အစ်မတွေနဲ့ သွားရတာ။ ကလေးတွေဆိုတော့ ဘာမှမသိဘဲ ခေါ်နေကျအတိုင်း ပြားကြီးပဲ"

သူ့အသံက တိုးပျော့တိမ်ဝင်ကာ သွားသည်။ သူ အံကို တစ်ချက် ကြိတ်၏။

"ကျွန်တော်သိပါတယ်။ ဒီနာမည်က ရန်ကုန်ကလူတွေ ပေးကြတဲ့ နာမည်တွေလို မလှပါဘူး။ ဒါပေမယ့် ကျွန်တော်သူ့ကို တကယ်ချစ်တာပါဗျာ။ သူ့ကို တွေ့ကတည်းက တစ်လျှေ;ာက်လုံး ကျွန်တော်သိစေချင်တာက ကျွန်တော့်အချစ်ပါ။ မသိစေချင်တာက ကျွန်တော့်နာမည်ပါ"

"အို"

သူ နောက်ဆုံးစကားက သူမရင်ထဲက နှလုံးသားကို တိုက်ရိုက်ထိသွားခဲ့၏။

"အခု ကျွန်တော့်ကို မုန်းသွားပြီဆိုတာ နားလည်ပါတယ်"

စကားဆုံးသည်နှင့် သူက ချာခနဲ လှည့်ထွက်သွားသည်။ သူမ အံ့သြကာ ငေးနေမိသည်။ ဘာပြောရမှန်းမသိ။ သူမထံမှ စကားသံမှ ထွက်မလာ။ သူမ၀ိညာဉ်တွေကို ခါချလိုက်ကာ အော်သည်။

"ကိုပြားကြီး"

သူ ဆတ်ခနဲ ရပ်သွားတော့ သူမ၀ုန်းခနဲ ပြေးထွက်သွားသည်။

"မထင်ပါနဲ့။ ကျွန်မနာမည်လည်း မလှပါဘူး။ ကျွန်မလည်း ရှင့်လိုပဲ"

သူ တအံ့တသြ မော့ကာ ငေးသည်။ မျက်ရည်ဝဲနေသော မျက်လုံးနှင့် ၀မ်းသာစပြုနေသော မျက်လုံးနှစ်စုံ ဆုံတွေ့ကြသည်။

"ဘယ် .. ဘယ်သူလဲဟင်။ သူ့နာမည်က ဘာတဲ့လဲ"

"မအုန်းကြည်တဲ့"

"ဘာဖြစ်လဲ။ လှသားပဲဟာ။ ကျွန်တော့်နာမည်ထက်စာရင် အများကြီးလှတာပဲ။ မအုန်းကြည်တဲ့"

"ဟုတ်ပါတယ်။ တကယ်တော့ နာမည်ဆိုတာ အသိအမှတ်ပြုတဲ့ အာရုံတစ်ခုပါ။ လူနဲ့မတူတဲ့ နာမည်တွေ၊ အဓိပ္ပါယ်မရှိတဲ့ နာမည်တွေ၊ ဘာလုပ်ရမှာလဲ။ ပြားကြီးဆိုတာ ဘာဖြစ်လဲ။ ရှင့်နောက်စေ့ကလေး ပြားနေလို့ ချစ်စနိုးခေါ်တာပဲ။ အဓိပ္ပါယ်ရှိတယ်။ ကျွန်မနာမည်ကိုလည်း အဘိုးက သေသေချာချာ တွက်ပေးသွားတာ။ အမှတ်တရနဲ့ အဓိပ္ပါယ်ရှိတယ်။ ဘာဖြစ်လဲ"

"ဒါ ဒါဆိုရင် ကျွန်တော့်ကိုမမုန်း"

မအုန်းကြည်က မျက်ဝန်းကိုမှိတ်ကာ ခေါင်းကို ဖြည်းညင်းစွာခါရင်း ပြုံးကာပြောသည်။

"ဟောဒီက မအုန်းကြည်က ဒီက ပြားကြီးကို ချစ်ပါတယ်တဲ့ရှင်"

နွေးထွေးစွာ လက်ဖ၀ါးများ ဆုပ်ကိုင်လိုက်ကြသည်။ နောက်ဆုံးတော့ နှလုံးသားချင်း တည့်တည့်ထိကြသည့်အခါ ကျန်သည့်အရာအားလုံး လွင့်စဉ်ထွက်သွားကြစမြဲသာ ဖြစ်သည်။ သူတို့နှစ်ဦး လက်ချင်းဆုပ်ကာ ခြေလှမ်းစလှမ်းသည်။ ထိုခြေလှမ်းသည် မအုန်းကြည်နှင့် ပြားကြီးတို့၏ စစ်မှန်သော ခြေလှမ်းများသာ ဖြစ်ပါသည်။

~~~~~
နီကိုရဲ
၁၉၉၉ ဒီဇင်ဘာလ၊ မဟေသီမဂ္ဂဇင်း

No comments: